Header Ads

Breaking News
recent

ယုံကြည်မှုရှိစေဖို့ အလှပြင်ကြစို့


                 ယုံကြည်မှုရှိစေဖို့ အလှပြင်ကြစို့

=======================================
ကျွန်မအနေနဲ့ကတော့ကိုယ်ခင်မင်မိတဲ့မိတ်ဆွေအမျိုးသမီးတွေကို အမြဲတမ်း လှအောင်နေဖို့ အကြံပြုလေ့ရှိတယ်။

ဘာကြောင့်လဲ ဆိုတော့ လှအောင်ပြင်ဆင်ထားလို့လှနေတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ခြေလှမ်းတွေနဲ့တက်ကြွတဲ့မိန်းမတစ်ယောက် တင့်တယ်တဲ့မိန်းမတစ်ယောက် ဖြစ်လာတတ်လို့ပါပဲ။
ကိုယ့်ကိုယ်ကို လှလှပပသန့်သန့်ရှင်းရှင်းကျော့ကျော့ မောမော့ရှိနေချိန်မှာ
ယုံကြည်ချက်ပိုရှိတယ်ဆိုတာ ကျွန်မတို့မိန်းမတွေ နားလည် လက်ခံကြပါတယ်။အဲဒီအတွက် ကျွန်မတို့ အမျိုးသမီးတွေက ရှင်းသန့်လှပအောင် ပြင်ဆင်ကြပါတယ်။

ပြီးတော့ ဒီနေ့ခေတ်အမျိုးသမီးတွေရဲ့ လှပမှု၊ စွမ်းဆောင်နိုင်မှုနဲ့ တက်ကြွလှုပ်ရှားမှုဟာ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်လာပြီး တန်ဖိုးတက်လာတဲ့အတွက် ခေတ်သစ်ရသဗေဒ ဖြစ်လာတယ်လို့ ကျွန်မအနေနဲ့
နားလည်လိုက်ခံလိုက်မိပါတယ်။

ဒီနေ့အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေရဲ့ အသုံးစရိတ်တော်တော်များများဟာ သူတို့အလှပြင်တာ၊ အဆီချတာ၊ အ၀တ်အစားအသုံးအဆောင်ဝယ်ယူတဲ့ နေရာတွေမှာ သုံးကြတာ တွေ့ရပါတယ်။
စတိုင်ကျပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒါဟာ သူ့တန်ဖိုးကို မြှင့်တင်တာပဲ၊ ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားရင် လူလေးစားတယ်၊ အလုပ်ကောင်းကောင်းလိုချင်ရင် မသပ်မရပ်ဖရိုဖရဲနေတတ်တဲ့အစားထဲက မဟုတ်ဘူး၊ကိုယ့်ကိုယိကို စတိုင်ကျအောင် နေတတ်တဲ့ နေနိုင်တဲ့ သူပါဆိုတာကို ပြပချင်တာလည်း ပါတယ်လို့ သိရပါတယ်။
ဒီကနေ့ခေတ်မှာတော့ အမျိုးသမီးတွေဟာ အရင်တုန်းကထက် အမြင်ကျယ်လာပါတယ်။ ကိုယ့်ကိုယ်ကို အလှမပျက်အောင် ဂရုစိုက်ရမယ်၊ ကျန်းမာရေးအတွက် အစားအသောက်ကို ဆင်ခြင်ရမယ်၊ အမျှတအောင် ကြိုးစားရမယ်။
ခါးနဲ့ ပေါင်ပေါ်မှာ အဆီပိုတွေ မစုစေဖို့အတွက်၊ ကိုယ်အလေးချိန်ကို ဂရုတစိုက်နဲ့ ထိန်းရမယ် လိုအပ်ရင် လေ့ကျင့်ခန်းလုပ်ရမယ် ဆိုတာ သိလာ နားလည်လာရတယ်။
အမျိုးသမီးတစ်ဦးအနေနဲ့ကြီးကြီးငယ်ငယ် ညအိပ်မရာမ၀င်မီ မဖြစ်မနေပြုသင့်တဲ့ အချက် ၅ ချက်ရှိပါတယ်။
ပထမအချက်ကတော့တစ်နေ့လုံးလိမ်းထားတဲ့ မိတ်ကပ်တွေကို မိတ်ကပ်ဖျက်ဆေးတွေနဲ့စနစ်တကျဖျက်တာ၊ ဒုတိယကကတော့သွားတိုက်တာ၊ တတိယအချက်ကတော့ ခြေထောက်ဆေးတာ၊နောက် ညအိပ်ရာမ၀င်ပြီ ခရင်လိမ်းတာ၊နောက် တရားထိုင်ပြီး စိတ်အေးချမ်းအောင် နေထိုင်ပြီးမှ အိပ်ရာဝင်တာပါ။ ဒီလို နေ့စဉ်ပုံမှန်လေး ဆောင်ရွက်လိုက်တာနဲ့ကိုယ်ရောစိတ်ပါ လှပတယ်လို့ကျွန်မကတော့ လက်ခံယူဆထားပါတယ်။
ကျွန်မတို့အမျိုးသမီးတွေ အလှပြင်ရခြင်းရဲ့ နောက်အကြောင်းတရားတစ်ခုကတော့ ကိုယ့်ချစ်သူ ခင်ပွန်းသည်ရဲ့ အာရုံစိုက်မှုကို လိုချင်လို့ပါပဲ။ အဲလိုဆိုရင်တော့ ငြင်းမဲ့သူ ဘယ်လောက်ရှိမလဲ မသိပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ လှလှလေး ပြင်ထားပြီးရင် ခင်ပွန်းကို မေးလေ့ရှိတယ်။ ကျွန်မ လှလား ဟင်လို့ပါ။
ကိုယ့်ခင်ပွန်းသည်ဆီက“လှတယ်“ဆိုတဲ့စကားနဲ့“ဒီဝတ်စုံလေးနဲ့သိပ်လိုက်တာပဲ“လို့ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ လောကကြီးတစ်ခုလုံးကို သာယာသွားစေတယ်။
ဘာပဲပြောပြော အဲဒီစကားတစ်ခွန်းကြောင့် ကိုယ့်ဘ၀ကိုယ်ကျေနပ်သာယာသွားတယ်ဆိုတာကိုတော့ ၀န်ခံရပါမယ်။

ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးချောနေ လှလှပပပြင်ပြင်ဆင်ဆင်လေးနေထိုင်တာကို သဘောကျတဲ့ အမျိုးသားတွေကတော့ ၉၉% လောက်ရှိမယ်ထင်ပါရဲ့။
သူတို့က ချောတဲ့ လှတဲ့ ချစ်သူ၊ ဇနီးကို ရရှိထားတယ်ဆိုတာကိုလည်း သူများတကာကို သိစေချင်တယ်။ ဒီလို လှပတဲ့ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်တဲ့ သူပါ၊ ခုချိန်ထိတောင် လှပနေသေးတာ တွေ့တယ်မဟုတ်လား ဆိုတာကိုလည်း ရွယ်တူ တန်းတူတွေကြားမှာ ဂုဏ်ယူပြသချင်စိတ် ရှိတယ်။အဲဒါကြောင့်သာ ပြင်ဆင်လှပတဲ့ဇနီးသည်တွေကို တွေ့ဆုံပွဲတွေခေါ်၊ အခမ်းအနားတွေတက်စတဲ့ လူမှုရေးကိစ္စရပ်တွေမှာ ပါဝင်စေလာခဲ့တာပါ။
ဒီနေရာမှာ အမျိုးသားအနည်းစုမှာဖြစ်တတ်ကြတဲ့ဝိ၀ါဒဖြစ်စေတဲ့သဘောတရားတစ်ခုလည်း ရှိပါသေးတယ်။ ကိုယ့်ဇနီးက သိပ်လှနေတယ်၊ ကိုယ်နဲ့ ကွာခြားနေတယ်လို့ ထင်မြင်လာရင်လည်း အဲဒီဇနီးအပေါ်ကို အလိုလားအပ်တဲ့ မနာလိုမှုမျိုး အမျိုးသားတွေမှာ ပေါ်လာတတ်ကြပါတယ်.။
အမြင်ကျဉ်းမြောင်းပြီး ကိုယ့်မိန်းမကိုယ် မနာလိုတတ်တဲ့ အမျိုးသားတွေက လောကမှာ ရှိတတ်ပါတယ်။ သူတို့ကတော့ ဇနီးသည်ရဲ့ ပြင်ဆင်လှပမှု ပေါ်မှာ ပြဿနာ ရှာလာတတ်တယ်။ ဒါကိုလည်း သူ့အမျိုးသမီး သိမှာကိုလည်း စိုးရိမ်တဲ့အတွက် သ၀န်တိုမှုလို့ အကြောင်းပြကြပါတယ်။ တကယ့်စိတ်ထဲ မနာလိုမှုကိုတော့သူတို့ကိုယ်သူတို့ပဲ သိကြပါလိမ့်မယ်။
အဲလို မနာလိုတတ်တဲ့ ခင်ပွန်းမျိုးကို ရရှိထားတဲ့ ဇနီးသည်တွေအနေနဲ့ ကိုယ့်ရဲ့ လှပမှုနဲ့ ပြင်ဆင်မှုဆိုတာ ကိုယ့်ခင်ပွန်းအတွက်ပါ ဆိုတာကို နားလည်အောင် ပြောပြတတ်ဖို့ လိုအပ်ပါတယ်။ ခင်ပွန်သည်အတွက် နဲ့ ခင်ပွန်းသည်ရဲ့ ဂုဏ်သိက္ခာတိုးမြှင့်ဖို့အတွက် မိသားစုအတွက် ဆိုတာကို နားလည်သဘောပေါက်အောင် ပြောပြနိုင်မှ အဆင်ပြေနိုင်ကြပါတယ်။
နောက်ထပ်တွေ့ရလေ့ရှိတဲ့ ပုံစံတစ်မျိုးလည်း ရှိပါသေးတယ်။
ကိုယ်ကိုယ်တိုင်ကလည်း ထိန်းသိမ်းသလို၊ ကိုယ့်ဇနီးသည်ကိုလည်း ထိန်းသိမ်းလှပစေချင်တဲ့ အမျိုးသားမှာ ပုံမကျပန်းမကျဖြစ်နေတဲ့ ဇနီးသည်မျိုး ရှိနေတယ်ဆိုရင် သူတို့ဟာ ဇနီးသည်အပေါ်ကို စိတ်တိုင်းမကျတော့ဘူး၊ သူ့မိန်းမက သူတကာထက်သာလွန်လှပမှု၊ ပြင်ဆင်မှု မရှိဘူးဆိုရင်တောင်မှ အနည်းဆုံး အောင်မှတ်လောက်တော့ရှိစေချင်တယ်။ ခါးတုတ်၊ ဗိုက်ပူနေပေမဲ့ မျက်နှာလေးကတော့ ချစ်စရာလေး ကျက်သရေ ရှိတယ်ဆိုတာကိုတော့ လိုချင်ကြပါတယ်။
အဲလောက်မှ ကိုယ့်ဇနီးသည်က မထိန်းသိမ်းဘူး၊ မပြင်ဆင်ဘူးဆိုရင်တော့ လင်မယား စကားများကြတဲ့အခါတိုင်း မလှမပဖြစ်နေတဲ့ ဒီအချက်ကို အကြောင်းပြပြီး လှောင်လေ့ရှိတယ်။ ဒါ့အပြင် အကြောင်းသိတဲ့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲအချို့လောက်ကလွဲပြီး ဒီမယားကို ပွဲမထုတ်ကြတော့ဘူး။ အဲလိုဇနီးသည်မျိုးဟာ အထီးကျန်စွာနဲ့ အချိန်ကုန်ဆုံးသွားရတတ်တယ်။
အမျိုးသားတွေက ကိုယ့်ဇနီးသည် ပြင်ပြင်ဆင်ဆင်ထိန်းထိန်သိမ်းသိမ်းနေဖို့ ကိုယ့်ကို ပြောလာပြီဆိုရင် အဲဒါကို ကိုယ်က လက်ခံတတ်ဖို့ လိုပါတယ်။ ကိုယ့်အနေနဲ့ အပျိုတုန်းက ကိုယ်လုံးလေး ပြန်မရနိုင်တော့ပေမဲ့ ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့လှပအောင်တော့ ပြင်ဆင်သင့်ပါတယ်။
အဲလိုမှ မစွမ်းဆောင်ပေးနိုင်တဲ့ မလိုက်လျောပေးနိုင်တဲ့ ဇနီးသည်တွေကိုတော့ လင်ယောင်္ကျားက ကိုယ့်မိန်းမအပေါ်မှာ တပ်မက်တဲ့စိတ် ကုန်ခမ်းသွားတယ်။ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုနဲ့ လူဝင်ဆန့်မှု ပုံသဏ္ဍန်ဟာလည်း ပြောင်းလဲသွားတတ်ပါတယ်။ ဒါကို အချို့က အသက် ၄၀ ကျော်မိန်းမတို့ရဲ့ ကျဆုံးချိန်လို့ ဆိုလေ့ရှိတယ်။
တကယ်တော့ ဇနီးမောင်နှံဘ၀ဆိုတာ တဏှာပေမ တန်ဖိုးနဲ့ လူမှုရေးတန်ဖိုးတွေ ရောစပ်ထားရတာ ဖြစ်တဲ့အတွက် အခါခပ်သိမ်းမှာတော့ ပြည့်စုံနေတယ်ဆိုတာလည်း မရှိနိုင်ပါဘူး။
ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထိန်းသိမ်းခြင်းနဲ့ လှပစွာဆင်ယင်ခြင်းဆိုတာ ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ရော ကောင်းမွန်စေတဲ့အတွက် စိတ်ပါဝင်စားစွာ ပြုလုပ်သင့်တယ်လို့ မြင်မိပါတယ်။
ေ ကျေးဇူးတင်ပါတယ်ရှင်။
credit; မေသင်္ကြန်ဟိန်(မြစ်မခ)


No comments:

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။. Powered by Blogger.